အမှန်တရားကို မျက်ကွယ်ပြုပြီး အကြမ်းဖက်မှုကို အားပေးနေတဲ့ Christian Solidarity Worldwide (CSW) ဥက္ကဋ္ဌ မစ္စတာမာဗင်သောမတ်စ်ထံသို့ အိတ်ဖွင့်ပေးစာ

Views


ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide - CSW) ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာမာဗင်သောမတ်စ်ဆီ ဒီအိတ်ဖွင့်ပေးစာကို ရေးသားတာဟာ ဘယ်သူများလည်းလို့ စိတ်ဝင်စားနေပါလိမ့်မယ်။ ကျွန်တော်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတဲ့ သာမန်ပြည်သူတစ်ယောက်သာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပျက်စီးရာပျက်စီးကြောင်း၊ တစ်ဖက်သတ် စွပ်စွဲချက်တွေ၊ ဖိအားပေးမှုတွေကို လက်မခံနိုင်တဲ့ သာမန်ပြည်သူတစ်ဦး ဖြစ်ပါတယ်။

ခင်ဗျားတို့ CSW အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ နိုင်ငံဆိုင်ရာ သတင်းပြန်ကြားချက်ကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒီပြန်ကြားချက်ဟာ အချက်အလက်ခိုင်မာမှု၊ မျှတမှုလုံးဝမရှိဘဲ၊ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော် အပေါ် အခြေအမြစ်မရှိ ပရမ်းပတာစွပ်စွဲထားတဲ့ ဝါဒဖြန့်စာရွက်တစ်စောင်မျှသာ ဖြစ်တယ်လို့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောကြားလိုပါတယ်။

ခင်ဗျားဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ မြေပြင်ပကတိအခြေအနေမှန် တွေကို တိတိကျကျ သိရှိနားလည်ခြင်းမရှိဘဲ၊ ပြည်တွင်း/ပြည်ပက ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စုတွေက လိုသလိုပုံဖော်ထားတဲ့ သတင်းအချက်အလက် အမှားတွေကိုသာ အခြေခံပြီး သံယောင်လိုက်ပြောဆိုနေခြင်း ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ဒီလိုစည်းကမ်းမဲ့တဲ့ ထုတ်ဖော် ပြောဆိုချက်တွေဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသား တွေကို မခန့်လေးစား ပြုမူပြောဆိုရာရောက်သလို၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလိုတဲ့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကို အားပေးအားမြှောက်ပြုရာရောက်တဲ့ စော်ကားမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီအိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် နေထိုင်နေပြီး၊ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေကြောင့် ဖြစ်ပေါ် နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုမြင်တွေ့ခံစားနေရတဲ့ သာမန်ပြည်သူတစ်ဦးရဲ့ အသံအဖြစ်၊ ခင်ဗျားရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကိုပြန်လည် တုံ့ပြန်ရှင်းပြလိုပါတယ်။

ပထမဆုံးအနေနဲ့ ခင်ဗျားနားလည်ထားရမှာက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေ၊ ပျက်စီးဆုံးရှုံးမှုတွေဟာ ခင်ဗျားစွပ်စွဲသလို တပ်မတော်ကအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ ဖြစ်နေတာမဟုတ်ပါဘူး။ တကယ့်အဖြစ်မှန်က NLD ပါတီရဲ့ အစွန်းရောက် အုပ်စုတွေကနေမွေးဖွားလာတဲ့ NUG၊ CRPH၊ PDF လို့ အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ‘အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်’ (all-out destruction path) ကြောင့်သာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ကျိုးရှာနိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ ကြိုးစား နေကြတာဖြစ်ပါတယ်။ သူတို့ကိုမထောက်ခံတဲ့ ပြည်သူတိုင်းကို ဒလန်လို့စွပ်စွဲပြီး အကြောင်းမဲ့ သတ်ဖြတ်နေကြတာဟာ ကမ္ဘာကအသိပါ။

ခင်ဗျားရဲ့ CSW အဖွဲ့ဟာ ကိုးကွယ်မှုဘာသာအယူအဆခွဲခြားမှုရှိနေပြီး မျှတမှုမရှိ အသည်းအသန် စိုးရိမ်ပြနေချိန်မှာ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေ အကြောင်းကိုတော့ ဘာကြောင့် တစ်ခွန်းမှ မပြောတာပါလဲ။

ခင်ဗျားတို့ရဲ့ သုတေသနထဲမှာ NUG/PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ လက်နက်မဲ့ အပြစ်မဲ့ပြည်သူ (၅,၇၆၇) ဦး အကြောင်း ဘာလို့ မပါတာလဲ။

သူတို့ရဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာတော် (၈၈) ပါးနဲ့ သီလရှင် (၂) ပါး အကြောင်းကိုရော ခင်ဗျားဘာကြောင့် လျစ်လျူရှု ထားတာလဲ။

အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမ (၇၈) ဦး အပါအဝင်၊ ပြည်သူ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ ထောင်နဲ့ချီပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာကိုရော ခင်ဗျားရဲ့ ခရစ်ယာန်ညီညွတ်ရေးအဖွဲ့က မသိလေအောင် မျက်စိပိတ်၊ နားပိတ်နေခဲ့တာလား။

ပြည်သူပိုင် စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦ ၅၆၀ ခုကို ဗုံးခွဲမီးရှို့ ဖျက်ဆီး ခဲ့တာ၊ တံတားတွေ၊ ဆေးရုံတွေ၊ အုပ်ချုပ်ရေးရုံးတွေကို မိုင်းခွဲခဲ့တာတွေကရော ခင်ဗျားတို့ရဲ့ ဘာသာရေး လွတ်လပ်ခွင့်စံနှုန်းတွေနဲ့ ကိုက်ညီနေလို့လား။

မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့တရားဝင်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်ဖို့နဲ့ နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်အားလုံးဟာ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)ကို Rules of Engagement (ROE) နဲ့အညီ စနစ်တကျဆောင်ရွက်နေတာဖြစ်ပြီး၊ ခင်ဗျားစွပ်စွဲသလို ဘာသာရေးကိုအခြေခံပြီး ခွဲခြား ဆက်ဆံခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုး လုံးဝ(လုံးဝ) မရှိပါဘူး။

ခင်ဗျားရဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်စွပ်စွဲချက်တွေကို ကျွန်တော်တို့ ပြည်သူ တွေက အချက်အလက်အမှန်တွေနဲ့ ရှင်းပါအုံးမယ်။ ခင်ဗျားက FORB Network ဆိုတာကို ကိုးကားပြီး ခရစ်ယာန်ဘုရားကျောင်း ၂၂၀ ကျော် ဖျက်ဆီးခံရတယ်၊ ဘုန်းတော်ကြီး ၈၅ ဦး သတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အကြီးစားလိမ်လည်မှုမြောက်ပါတယ်။

ခင်ဗျားဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (International Humanitarian Law-IHL) ကို ကိုးကားခဲ့တယ်။ ဒါပေမဲ့ IHL က ‘ဝတ်ပြုကိုးကွယ်ရာနေရာ များကို စစ်ရေးအတွက် အသုံးမပြုရဘူးလို့’ အတိအလင်း တားမြစ်ထားတာကိုတော့ ခင်ဗျားက တမင်ချန်လှပ်ထားခဲ့ပါတယ်။ အဖြစ်မှန်ကတော့ ချင်းပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသအများအပြားမှာ NUG က မွေးထုတ်လိုက်တဲ့ CNF ၊ CNA ၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေဟာ ‘ဘာသာရေးအဆောက်အဦများအား ခံစစ်စခန်းများအဖြစ် အလွဲသုံးစားပြုခြင်း’ (Abusing Religious Buildings as Defensive Posts)၊ ‘ယာယီစစ်တန်းလျားအဖြစ် အသုံးပြု ခြင်း"’ (Using as Temporary Barracks) နဲ့ ‘အဆိုပါ ဝတ်ပြုဆုတောင်းရာနေရာများအနီး၌ မြေမြှုပ်မိုင်းများထောင်ခြင်း’ (Planting Landmines Near Places of Worship) တို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေပါတယ်။



အဲဒီ CNF၊ CNA၊ PDF အဖွဲ့တွေဟာ ချင်းပြည်နယ်မှာ အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တိုက်ခိုက်နေပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေရဲ့အသက် အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေလို့ ခေတ်အဆက်ဆက်သူပုန်မရှိခဲ့တဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်လက်နက်ကိုင် နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့ NUG အဖွဲ့ရဲ့ လွဲမှားတဲ့နိုင်ငံရေးအတ္တကြောင့် ဖြစ်ပေါ်လာ ရတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဒါတွေက တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေမဟုတ်ပါဘူး။ တပ်မတော်ဟာ အကြမ်းဖက်သမားတွေရဲ့ အပြစ်မဲ့ပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့အဖျက်လုပ်ရပ်တွေကို ဟန့်တားပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေး အတွက် အကြမ်းဖက်သူပုန်တွေကို ဦးတည်တိုက်ခိုက်နေရုံမျှသာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဘယ်ဘာသာရေး အဆောက်အအုံကိုမှ အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး လုံးဝမရှိပါ။ ပျက်စီးမှုတွေဟာ တိုက်ပွဲဇုန်အတွင်းဖြစ်ပွားနိုင်တဲ့ မလွှဲမရှောင် သာတဲ့ အခြေအနေတွေ (Unavoidable Collateral Damage)၊ အထူးသဖြင့် အကြမ်းဖက်အဖွဲ့ တွေက ဘုရားကျောင်း၊ စေတီပုထိုးတွေကို အကာအကွယ်ယူအသုံးချ တိုက်ခိုက်နေတာကြောင့် ဖြစ်ပါတယ်။




IHL အရ ကာကွယ်ထားတဲ့နေရာတစ်ခုကို စစ်ရေးခံစစ်စခန်းအဖြစ် အသုံးပြုလိုက်တဲ့ အချိန်မှာ၊ အဲ့ဒီနေရာဟာ သူ့ရဲ့ အကာအကွယ် (Protected Status) ကို ဆုံးရှုံးသွားပြီး၊ တရားဝင်စစ်ရေးပစ်မှတ် (Legitimate Military Target) ဖြစ်သွားတယ်ဆိုတာ IHL ကို ကိုးကား ထားတဲ့ ခင်ဗျားအနေနဲ့ သိထားသင့်ပါတယ်။ ဒါကြောင့် ဘုရားကျောင်းတွေ ပျက်စီးရခြင်းရဲ့ တရားခံအစစ်ဟာ အကြမ်းဖက်သမားတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ(၃၄)မှာ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံထား ပြီးသားဖြစ်လို့ မြန်မာနိုင်ငံအတွင်းမှာ အဓိကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားသော ဘာသာရေး အဆောက်အဦများစာရင်းကို ခင်ဗျားသိအောင် ဖော်ပြပေးလိုက်ပါတယ်။



လူတိုင်း လူတိုင်းဟာ မိမိယုံကြည်ရာအတိုင်း ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာပေါင်းစုံ ကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အရ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို လက်ရှိယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဦးဆောင်တဲ့ အစိုးရ ကလည်း မြန်မာနိုင်ငံအတွင်း ဘာသာအသီးသီးရဲ့ ဘာသာရေးပွဲတော်တွေကို လုပ်ငန်းအားလပ်မှု အပေါ် မူတည်၍ ကိုယ်တိုင်တက်ရောက်ချီးမြှင့်အားပေးလျက်ရှိပါတယ်။


ဒါပေမယ့် အကြမ်းဖက်သမားတွေက မြို့ပြတွေမှာပါ ဘာသာရေးပွဲတော်ကိုအသုံးချပြီး အကြမ်းဖက်မှုပြုလုပ်ရန် ရည်ရွယ်ချက် အတွက် လူစုလူဝေးပွဲတွေ၊ လူနေရပ်ကွက်တွေ၊ ဘုရားကျောင်းလို နေရာမျိုးတွေကို အကာအကွယ်ယူပြီး အကြမ်းဖက်မှုတွေ၊ ဗုံးခွဲမှုတွေ လုပ်ဆောင်ဖို့ စိမ့်ဝင်ကြိုးပမ်းနေတာတွေ ရှိနေပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြည်သူလူထုရဲ့ အသက် အန္တရာယ်ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ စိစစ်မှုတွေ၊ ယာယီထိန်းညှိမှုတွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါဟာ ခရစ်ယာန်ဘာသာကို ပစ်မှတ်ထားတာ မဟုတ်ဘဲ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုကို တားဆီးဖို့သာဖြစ်ပြီး ဝတ်ပြုကိုးကွယ်သူ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးခြင်းသာ ဖြစ်ပါတယ်။ ခင်ဗျားတို့ စွပ်စွဲသလို ခရစ်ယာန်နဲ့ အစ္စလာမ် တွေကို ရန်သူအဖြစ် သတ်မှတ်နေတာမဟုတ်ဘဲ၊ အကြမ်းဖက်သမားတွေကိုသာ ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ခင်ဗျားရဲ့ စွပ်စွဲချက်တွေထဲမှာ အလွယ်တကူ အမှား/အမှန် စစ်ဆေးနိုင်တဲ့ လိမ်ညာမှု ကတော့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ခင်ဗျားက ‘ပြိုကျပျက်စီးသွားသော ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီများအား မူလပုံစံအတိုင်းသာ ပြန်လည်တည်ဆောက်ခွင့်ပြုသည်’ဆိုတဲ့ အမိန့်ဟာ ခွဲခြားဆက်ဆံမှုဖြစ်ပြီး ဒီကန့်သတ်ချက်ကြောင့် သက်တမ်းရင့် ခရစ်ယာန်ဘုရားကျောင်းတွေ ပြိုကျပျက်စီးသွားရသလို ပုံဖော်စွပ်စွဲရေးသားထားပါတယ်။

ခင်ဗျားရဲ့ ဒီစွပ်စွဲချက်ဟာ လုံးဝလွဲမှားနေကြောင်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ငလျင်ဘေးဟာ ဘာသာပေါင်းစုံကို ထိခိုက်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ ဘာသာတရားကို ရွေးပြီး ခွဲခြားလှုပ်ခတ်ခဲ့တာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ သုတေသနဟာ မန္တလေးမြို့က ကမ္ဘာကျော် ဗုဒ္ဓဘာသာအမွေအနှစ်တွေရဲ့ ပျက်စီးမှုကို တမင် ချန်လှပ်ထားခဲ့ပါတယ်။ ယူနက်စကို (UNESCO) ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် ကုသိုလ်တော် ဘုရားဟာ ပြင်းထန်စွာပျက်စီးမှုကို ခံစားခဲ့ရပါတယ်။ အလားတူပဲ ရွှေဂူကြီးကျောင်းတိုက်၊ မယ်နုအုတ်ကျောင်းနဲ့ မင်းကွန်းပုထိုးတော်ကြီး အစရှိတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထင်ကရနေရာ ပေါင်းများစွာလည်း အကြီးအကျယ်ပျက်စီးခဲ့ပါတယ်။

ပြန်လည်တည်ဆောက်ရေးဟာ အားလုံးအတွက်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပျက်စီးသွားတဲ့ ရှေးဟောင်းအဆောက်အအုံ ၁,၇၀၀ ကျော်ကို ပြန်လည်ထိန်းသိမ်း၊ ပြုပြင်၊ တည်ဆောက်ပေးလျက်ရှိနေပါတယ်။ မူလ ပုံစံအတိုင်းဆိုတာ နိုင်ငံတကာ စံနှုန်းဖြစ်ပါတယ်။ ခင်ဗျားက ခွဲခြားဆက်ဆံတဲ့ ကန့်သတ်ချက် လို့ စွပ်စွဲတဲ့ မူလပုံစံအတိုင်းသာဆိုတဲ့ မူဝါဒဟာ တကယ်တော့ ခွဲခြားဆက်ဆံမှုမဟုတ်ပါဘူး။ ဒါဟာ ယူနက်စကို (UNESCO)နဲ့ နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီ(International Council on Monuments and Sites-ICOMOS) လို နိုင်ငံတကာအမွေအနှစ် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ ရှေးဟောင်း အမွေအနှစ်တန်ဖိုး မပျက်စီးစေဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာမခွဲဘဲ တန်းတူညီမျှ ကျင့်သုံးရတဲ့ နိုင်ငံတကာစံနှုန်း (International Standard for Historical Preservation) တစ်ခုသာ ဖြစ်ပါတယ်။

ဒီအချက်ကိုတောင် ခင်ဗျားကတမင်လိမ်ညာပြီး ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော် ခဲ့တာဆိုတော့ CSW အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ညီညွတ်ရေးမဟုတ်ဘဲ ဖြိုခွဲရေး ဖြစ်နေတယ် ဆိုတာကို သက်သေပြနေပါတယ်။

ခင်ဗျားဟာ စွပ်စွဲချက်တွေအပြင် တောင်းဆိုချက်လို့ ခေါင်းစဉ်တပ်ပြီး ပြောခဲ့တဲ့ အချက် တွေဟာဆိုရင်လဲ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အဝေးကနေ လက်ညှိုးထိုး အမိန့်ပေးချင်နေတဲ့ ကိုလိုနီစရိုက်ကို ထင်ဟပ်စေပါတယ်။

ခင်ဗျားရဲ့ တောင်းဆိုချက်တွေထဲမှာ အသိအမှတ်မပြုနိုင်လောက်အောင် စော်ကားမှု မြောက်တာကတော့ ၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေအား ချက်ချင်းရုပ်သိမ်းရမယ်ဆိုတဲ့ အချက် ပါပဲ။

မစ္စတာမာဗင်သောမတ်စ်သိသင့်တာက ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၈၅)၊ (၃၈၆) တို့နဲ့အညီ တရားဝင်အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျားစွပ်စွဲသလို နှိပ်စက်ညှဉ်းပန်းမှု လက်နက်မဟုတ် ပါဘူး။ ဒါဟာ အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ကမ္ဘာတစ်ဝန်းလုံးကနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေလိုမျိုးဘဲဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်ချက်အရ လက်ရှိအခြေအနေနဲ့ ကိုက်ညီစွာ အကောင်အထည်ဖော်ထားတာ ဖြစ်ပါတယ်။

ဒါဆိုခင်ဗျားရဲ့ CSW အဖွဲ့က တောင်ကိုရီးယား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ အစ္စရေးလို နိုင်ငံ တွေကိုရော သူတို့ရဲ့ စစ်မှုထမ်းဥပဒေတွေ ရုပ်သိမ်းဖို့တောင်းဆိုရဲတဲ့ သတ္တိရှိပါသလား။ ဒါမှ မဟုတ် မြန်မာနိုင်ငံရဲ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ချင်လို့ တစ်ဖက်စောင်းနင်း လမ်းဖော် နေတာလား။ ဘယ်နိုင်ငံတကာအဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကမှ အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ကိုရုပ်သိမ်းပါလို့ ဝင်ရောက် နှောင့်ယှက် စွက်ဖက်တာမျိုး ခွင့်မပြုနိုင်/ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ခင်ဗျားအတိအလင်း သိရှိ ထားရပါမယ်။

ခင်ဗျားရဲ့ လူသားချင်းစာနာမှုဆိုတဲ့ မျက်နှာဖုံးဟာ ခင်ဗျားရဲ့ နောက်ဆုံးတောင်းဆိုချက် မှာ လုံးဝကွာကျသွားပါတယ်။ ခင်ဗျားက မြန်မာ့တပ်မတော်အတွက် လေယာဉ်ဆီ ထောက်ပံ့ နေမှုတွေကို ပစ်မှတ်ထားအရေးယူပိတ်ဆို့ရမယ်လို့ တောင်းဆိုခဲ့တယ်နော်။ ဒါဟာ လူသားချင်း စာနာ ထောက်ထားမှု တောင်းဆိုချက် မဟုတ်ပါဘူး။ ဒါဟာ စစ်ရေးတောင်းဆိုချက် (Military Demand) ဖြစ်ပါတယ်။

ခင်ဗျားရဲ့ ရည်ရွယ်ချက်အမှန်က အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းနေတဲ့ မြန်မာ့ တပ်မတော် လေကြောင်းစွမ်းရည်ကို ပျက်ပြားစေလိုပြီး အကြမ်းဖက်တွေကို အကာအကွယ် ပေးလိုတာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ခင်ဗျားက ဒေသတွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေဆီ တိုက်ရိုက် စီးဆင်းစေမယ့် အကူအညီဆိုပြီးကို တောင်းဆိုခဲ့တယ်။ ဒါဟာ တရားဝင်အစိုးရကို ကျော်ပြီး၊ NUG/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို တရားမဝင်ငွေကြေးနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ဖော်ထုတ်လိုက် တာပါပဲ။

ခင်ဗျားရဲ့ ဒီလုပ်ရပ်တွေဟာ CSW ဆိုတာ ဘာသာရေးအဖွဲ့အစည်းတစ်ခု အသွင်ယူထား ပြီး၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ အကြမ်းဖက်အားပေးသူတစ်ဦးရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်ဗျားတို့လို အနောက်အုပ်စုလက်ဝေခံမီဒီယာတွေ INGO တွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ အမှန်နဲ့ အမြဲတမ်းကင်းကွာနေပါတယ်။ မြန်မာနိုင်ငံမှာ တကယ်နေထိုင်နေတဲ့ ပြည်သူ အများစုရဲ့ ဆန္ဒအမှန်က ခင်ဗျားတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ စွက်ဖက်မှုတွေ မဟုတ်ပါဘူး။

ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒအမှန်က NUG/PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတာတွေ၊ စာသင်ကျောင်း တွေကို မီးရှို့နေတာ၊ လမ်း၊ တံတား မိုင်းခွဲနေတာတွေကို အမြန်ဆုံးရပ်တန့်စေချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေရပ်တန့်ပြီး တည်ငြိမ်အေးချမ်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝ တွေကို ပိုင်ဆိုင်ချင်တာ ဖြစ်ပါတယ်။

ခင်ဗျားရဲ့ CSW အဖွဲ့ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာ၊ ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေးပဋိပက္ခကို မီးထိုးပေးတာ၊ အကြမ်းဖက်အဖွဲ့တွေကို သွယ်ဝိုက်ထောက်ခံအားပေးတာတွေသာ ဖြစ်နေတဲ့အတွက် ဒါဟာ CSW အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်ဆိုတာကို သတိပေးလိုပါတယ်။

ခင်ဗျားရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ခင်ဗျားကို အကြမ်းဖက် အားပေးသူတစ်ဦး အဖြစ်သာ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အပေါ် မမှန်မကန် စွပ်စွဲပြောဆိုမှုတွေကို ရပ်တန်းကရပ်ဖို့၊ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုနေမှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ကျွန်တော်တို့ သာမန်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံ အစိုးရ အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသည့် မည်သည့်လုပ်ရပ်ကိုမဆို တုံ့ပြန် ရန် ဥပဒေအရ အခွင့်အာဏာ အပြည့်အဝရှိသည်” ဆိုတဲ့အကြောင်းကိုလည်း ခင်ဗျားနဲ့တကွ နိုင်ငံတကာက သိရှိအောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် အသိပေးလိုက်ရပါတယ်။

အောင်ရှင်း

(ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူတစ်ဦး၏ အာဘော်သာ ဖြစ်ပြီးဘာသာရေးနှင့် သက်ဆိုင်မှုမရှိကြောင်း ဖော်ပြအပ်ပါသည်။)

Post a Comment

Previous Post Next Post