အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်နဲ့ အကြမ်းဖက်မှုအန္တရာယ် (အပိုင်း ၂)

Views



NUG လက်အောက်ခံ PDF များနှင့် ချိတ်ဆက်သယ်ဆောင်မှု

သူတို့ရဲ့ အဓိက မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းဖြစ်တဲ့ ရှမ်းပြည်(မြောက်ပိုင်း)- မန္တလေး-ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ရေလမ်းကြောင်း၊ မန္တလေး-မိတ္ထီလာ-မကွေး-ပဒါန်းမှတစ်ဆင့် ရခိုင်ပြည်နယ် ကုန်းလမ်းကြောင်းများမှ သယ်ဆောင်လေ့ရှိပြီး အဲ့ဒီလမ်းကြောင်းများက သယ်ဆောင်မှုများမှာ ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရမှု များပြားလာတဲ့ အတွက် ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ပုလင်းတူ ဘူးဆို့ NUG/PDF များနဲ့ ချိတ်ဆက်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်မှထွက်ရှိတဲ့ မူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ PDF များ လှုပ်ရှားသည့် နယ်မြေများအတွင်းမှ ရခိုင်ပြည်နယ်ကို သယ်ဆောင်လျက်ရှိနေပါတယ်။

-

ဒါ့ကြောင့်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှာ NUG လက်အောက်ခံ ယင်းမာပင် ခရိုင် PDF ၃ ဦးက AA အဖွဲ့နှင့်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးတွေကို အခကြေးငွေယူပြီး သယ်ဆောင် လာတဲ့ စိတ်ကြွရူးသွပ်ဆေး ၃ သန်း၊ ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်၊ ခန့်မှန်းတန်ဖိုးကျပ် ၉ ဘီလီယံ ကျော် (အမေရိကန် ဒေါ်လာ ၂.၅ သန်း) ကို ဟားခါးမြို့နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးရမိခဲ့‌ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ အဖွဲ့ဝင်များဟာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF အဖွဲ့ကဖြစ်ပြီး အကြမ်းဖက် PDF အဖွဲ့များကို NUG က ထောက်ပံ့မှု မလုပ်ပေးတဲ့အတွက် သူတို့အဖွဲ့ ရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးသယ်ဆောင်ပြီး ရန်ပုံငွေရှာဖွေခြင်းဖြစ်ကြောင်း၊ ယခင်က ၃ ကြိမ် သယ်ဆောင်လွတ်မြောက်ခဲ့ပြီး (၄) ကြိမ်မြောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

-

ဒီဖြစ်စဉ်အရ NUG လက်အောက်ခံ PDF အဖွဲ့များဟာ မူးယစ်ဆေးဝါး သယ်ဆောင်မှုကို AA အဖွဲ့ပုံစံအတိုင်း အတုယူပြီး ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင်နေတာကို ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့ပြင် AA တပ်ဖွဲ့ရဲ့ မူးယစ် ဆေးဝါးဖြန့်ဖြူးရေးလက်တံများဟာ မြန်မာနိုင်ငံ တစ်နံတစ်လျား ကျယ်ပြန့်စွာရောက်ရှိနေပြီး အရေအတွက်နည်းနည်းနဲ့ အခေါက်ရေများများသယ်ဆောင်တဲ့ပုံစံကနေ သူတို့အခြေပြုနေတဲ့ နယ်မြေများမှတစ်ဆင့် အရေအတွက်များများ အခေါက်ရေနည်းနည်းသယ်ဆောင်လျက်ရှိပြီး ကိုယ်တိုင်ကုန်သွယ်မှုလုပ်နေသလို တခြားသောင်းကျန်းသူအဖွဲ့များရဲ့မူးယစ်ဆေးဝါးများကို သူတို့အခြေပြုတဲ့နယ်မြေများက ဖြတ်သန်းခွင့်ပြုပြီး အခွန်ကောက်ခံလျက်ရှိနေပါတယ်။ AA အဖွဲ့ သယ်ဆောင်ဖြန့်ဖြူးနေတဲ့ မူးယစ်ဆေးဝါးများဟာ မြို့ရွာအသီးသီးရှိ လူငယ်ထု အတွင်းသာမက သောင်းကျန်းသူ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြားလည်း သုံးစွဲမှု အလွန်များပြားလျက် ရှိပါတယ်။

-

အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့် AA တပ်ဖွဲ့ဝင်အလောင်းများ၊ အခြားအထောက်အထားများအရ AA ခေါင်းဆောင်ပိုင်း ဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်ရာတွင် ပင်ပန်းဆင်းရဲမှုဒဏ်ခံနိုင်ရန် မူးယစ် ဆေးဝါးများ တိုက်ကျွေးပြီး တိုက်ပွဲဝင်လေ့ရှိကြသလို အကြမ်းဖက်သမား PDF များကလည်း အလားတူ လိုက်ပါလုပ်ဆောင်နေတဲ့အတွက် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲမှုဟာ ဈေးကွက်တစ်ခုဖြစ်နေပါတယ်။

-

AA အဖွဲ့၏ ပြည်ပမူးယစ်ဆေးဝါးဈေးကွက်

AA အဖွဲ့ရဲ့ ပြည်ပမူးယစ်ဆေးဝါးဈေးကွက်ကတော့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနိုင်ငံ များမှတစ်ဆင့် အနောက်နိုင်ငံများနဲ့ အရှေ့အလယ်ပိုင်းဒေသများအထိ ကျယ်ပြန့်ကြီးထွားလျက် ရှိနေပါတယ်။ ဒီအချက်ကို သက်သေပြနေတဲ့ဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှ ၁၄ ရက်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဂိုဏ်း အဖွဲ့ဝင် ၁၃ ဦးနဲ့အတူ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မဲ့ ငွေကျပ် ၂၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၄ သန်း ) ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ် (မက်သ် အဖက်တမင်း ၅၆၁၄ ဒသမ ၂ ကီလို၊ ကတ်တမင်း ၁,၈၉၉ ကီလို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

-

ဒီဖြစ်စဉ်မှာ ဝမ်ဟိုင်းမှာ အခြေပြုနေတဲ့ AA အဖွဲ့ အကောက်ခွန်းမှူးဆိုသူ ဗိုလ်မှူးအဆင့်ရှိ ကိုရေး (ရခိုင်)နဲ့ ရခိုင်ပြည်နယ်၊ မြေပုံမှာနေတဲ့ အဆင့်စိစစ်ဆဲ ဝင်းခိုင်တို့က AA အဖွဲ့ဝင်များ ဖြစ်ပြီး ရန်ကုန်မှာ အခြေပြုပြီး မူးယစ်ဆေးဝါးတွေကို သိုလှောင်ဖြန့်ဖြူးတဲ့ ထွန်းသိန်း(ရခိုင်)နဲ့ မလေးရှားကိုပို့ဆောင်သူ ကွမ်းခြံကုန်းမှာနေတဲ့ ကျော်စွာဝင်း(ရခိုင်)တို့က AA အဖွဲ့ရဲ့ အရပ်သား အသွင်ယူထောက်ပံ့ရေးတာဝန်ခံများ ဖြစ်ပါတယ်။ သူတို့အားလုံးရဲ့နောက်ကွယ်မှာတော့ AA အဖွဲ့ ရဲ့ အတွင်းရေးမှူး၊ ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ကျော်ဟန် ရှိနေပါတယ်။

-

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်ဖြန့်ကျက်ထားမှုအရ ပြည်တွင်းပြည်ပမှာ AA တပ်ဖွဲ့ဝင်များ ကိုယ်တိုင်သယ်ဆောင်ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်သလို၊ ယခုဖြစ်စဉ်လို သောင်းကျန်းသူများ ထိန်းချုပ်ထားတဲ့နယ်မြေမှာ တာဝန်ခံထားရှိပြီး အဖမ်းဆီးခံရနိုင်တဲ့ လမ်းကြောင်းတွေမှာ အရပ်သားအသွင်ယူရခိုင်လူမျိုးစီးပွားရေးတာဝန်ခံ၊ ထောက်ပို့တာဝန်ခံများ ကို တာဝန်ပေးလေ့ရှိပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှုကို AA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင် ဖြန့်ဖြူးသလို၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ မူးယစ်ဆေးဝါးများကို သူတို့နယ်မြေထဲကနေ လုံခြုံစိတ်ချစွာဖြတ်သန်းခွင့်ပြုပြီး အခွန်ကောက်ယူတဲ့အလုပ်ကိုလည်း လုပ်ကိုင်လျက် ရှိပါတယ်။

-

ဒီဖြစ်စဉ်မှာ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်များအရ ဝမ်ဟိုင်းက သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးများကို AA အဖွဲ့လှုပ်ရှားနေတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ပြီးပါက စိတ်ကြွဆေးပြား ၁ သောင်းကို ၃ သိန်းကျပ်နှုန်းနဲ့ ဆေးပြား ၂၁၈ သိန်းအတွက် သိန်းပေါင်း ၆,၅၄၀ သိန်း၊ အိုက်စ် တစ်ကီလို ၅ သိန်းကျပ်နှုန်းနဲ့ အိုက်စ် ၅,၆၁၄ ကီလိုအတွက် သိန်းပေါင်း ၂၈,၀၇၀ သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၄,၆၀၀ သိန်း ကို AA အဖွဲ့က အခွန်ငွေရရှိမှာ ဖြစ်ပါတယ်။ AA အဖွဲ့ဟာ ကိုယ်တိုင် ရင်းနှီးမြှပ်နှံ စရာမလိုပဲ မူးယစ်ဆေးဝါးထွက်ရှိရာ နယ်မြေမှာ ကိုယ်စားလှယ်တစ်ဦးထား၊ ရခိုင်ပြည်နယ် ထဲမှာ ကိုယ်စားလှယ်တစ်ဦးထားပြီး သယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက်မှာ သူတို့အဖွဲ့ရဲ့ အရပ်သားထောက်ပို့တာဝန်ခံများကို သယ်ဆောင်စေပြီး သူ့နယ်မြေထဲက ဖြတ်သန်းတဲ့ မူးယစ် ဆေးဝါးတွေအတွက် အသားတင်အခွန်ငွေ ကောက်ခံနေခြင်း ဖြစ်ပါတယ်။

-

ဒါကြောင့်လည်း AA အဖွဲ့ဟာ သူတို့အဖွဲ့ရဲ့ဘဏ္ဍာငွေကြေးလိုအပ်ချက်အတွက် မူးယစ် ဆေးဝါးတွေကို ကိုယ်တိုင်ကုန်သွယ်မှုလုပ်သလို အခြားမူးယစ်ဆေးဝါးလုပ်နေတဲ့ မူးယစ်ဆေးဝါး ဂိုဏ်း သူတို့နယ်မြေထဲက ဖြတ်သန်းစေပြီး အခွန်ငွေများများကောက်ခံနိုင်ရေး အကြီးအကျယ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း အထင်အရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။

-

ဒီထက်ပိုပြီး ထင်ရှားတဲ့သက်သေကတော့ AA အဖွဲ့အခြေပြုနယ်မြေ ရခိုင်ပြည်နယ်ထဲက မြို့ရွာများမှတစ်ဆင့် ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများမှာ အလွယ်တကူအများအပြားဝယ်ယူရရှိနေခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာန (Department of Narcotics Control – DNC) ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ အဲ့ဒီအစီရင်ခံစာ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စိတ်ကြွဆေးပြား သုံးစွဲသူ ၈ သန်း ခန့်ရှိပြီး နှစ်စဉ်နှစ်တိုင်း DNC အဖွဲ့အနေဖြင့် စိတ်ကြွဆေးပြား သန်း ၅၀ ကျော် ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများဟာ AA အဖွဲ့ထိန်းချုပ်ရာ ရခိုင်ပြည်နယ်မြို့ရွာများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများ၏နောက်ကွယ်တွင် AA တပ်ဖွဲ့ဝင် များကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိကြောင်း ဖော်ပြထားရှိပါတယ်။ ဒါ့ကြောင့် အကြမ်းဖက် လက်နက်ကိုင် AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းများဟာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကိုပါ အကြီးအကျယ်တင်ပို့ ရောင်းချနေကြောင်း ငြင်းလို့မရတဲ့ လူသက်သေ၊ ပစ္စည်းသက်သေအထောက်ထားများအခိုင်အမာ ရှိနေပါတယ်။

-

မူးယစ်ဆေးဝါးစီးပွားရေးနှင့် အကြမ်းဖက်လုပ်ရပ်အပြန်အလှန်သက်ရောက်မှု

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်ကို ပြည်တွင်း၊ ပြည်ပချိတ်ဆက်ထားပြီး မူးယစ်ဆေးဝါးဝင်ငွေကြောင့် လက်နက်/ခဲယမ်းအင်အား တောင့်တင်းလာသလို တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ပွားနေလို့ လျော့နည်းသွားတဲ့ လက်နက်/ ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့ မူးယစ်ဆေးဝါးကုန်သွယ်မှုကို ပိုမိုလုပ်ဆောင်နေကြပါတယ်။ အလားတူပဲ မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြောင့် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဖြစ်ပွားလာနေသလို လက်နက်ကိုင်အကြမ်းဖက်မှု တွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ပင်မစီးပွားရေးဖြစ်တဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုကို ပိုမိုလုပ်ဆောင်လျက် ရှိနေပါတယ်။ မူးယစ်ဆေးဝါးဝင်ငွေနဲ့ လူ/လက်နက်အင်အားရှိလာတဲ့AA အဖွဲ့ရဲ့လက်နက်ကိုင် လမ်းစဉ်ကြောင့် တိုက်ပွဲများ အရှိန်မြင့်တက်ခဲ့ရသလို အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုပျက်စီးပြီး ပြည်သူအများ လူမှုဘဝများ နိမ့်ပါးလျက် ရှိနေပါတယ်။

-

ငြင်းလို့မရတဲ့ အကြမ်းဖက်လုပ်ရပ်များ

AA အဖွဲ့ဟာ သူတို့အဖွဲ့ရပ်တည်ရှင်သန်နိုင်ရေးအတွက် ရခိုင်လူမျိုးရေးအရဝါဒမှိုင်း သွတ်သွင်းခြင်းကြောင့် လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့ AA တပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ် အတွင်းရှိ အခြားတိုင်းရင်းသားများ၊ လူမျိုးစုများကို လူမျိုးရေးနဲ့ဘာသာရေးအရ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရက်ရက်စက်စက်လုပ်ဆောင်နေတာမြင်တွေ့ ကြားသိနေရပါတယ်။ လတ်တလော နိုင်ငံတကာသတင်းမီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတဲ့ ဘူးသီးတောင်မြို့နယ်၊ ထန်ရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ် မေလအတွင်းက ဘင်္ဂါလီလူမျိုး ကလေးငယ်များ၊ မိန်းမ များအပါအဝင် လူ ၆၀၀ ခန့် ရက်စက်စွာသတ်ဖြတ်ခံရမှုဟာ AA အဖွဲ့ရဲ့ လူသားချင်း စာနာမှု ကင်းမဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။

-

အလားတူပဲ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာ AA အကြမ်းဖက်အဖွဲ့မှ ထွန်းဝေဦးစီးအဖွဲ့က ဘူးသီးတောင်မြို့ပေါ် ၅ ရပ်ကွက်က မွတ်ဆလင်အမျိုးသား ၈၇ ဦး၊ စိမ်းညှင်းပြာကျေးရွာက အမျိုးသား ၁၃၅ ဦး၊ ညောင်ချောင်းကျေးရွာက ၉၅ ဦး တောင်ဘဇား ကျေးရွာက ၄၀ ဦး စုစုပေါင်း ၃၅၇ ဦးကို အစိုးရတပ်နဲ့ပတ်သက်ကြောင်းစွပ်စွဲပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးကြီး ဝါဒစွဲကိုင်ထားတဲ့ AA အဖွဲ့ဟာ ဘင်္ဂါလီလူမျိုးများကိုသာမက မောင်တောနဲ့ပလက်ဝမြို့နယ် များမှာနေထိုင်တဲ့ ချင်းနဲ့မြိုလူမျိုးများကိုလည်း အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းခဲ့သလို အနိုင်ကျင့်သတ်ဖြတ်မှုများကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မောင်တော မြို့နယ် သစ်တုံးနားခွဆုံရွာက မြိုလူမျိုး အယောက် ၉၀ ကျော်ကို အဓမ္မဖမ်းဆီးသွားခဲ့ရာမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးငယ် ၃၀ ကျော် ပါဝင်သွားပြီး ယနေ့အထိ သတင်းမရရှိလို့ မိသားစုဝင်များ စိုးရိမ်သောက ရောက်ရှိနေကြကြောင်းလည်း သိရှိရပါတယ်။

-

အထူးသဖြင့်တော့ ဘူးသီးတောင်၊ မောင်တောဘက်က ဘင်္ဂါလီကျေးရွာတွေကို မကြာ ခဏ Drop Bomb ချတိုက်ခိုက်မောင်းထုတ်လို့ ဘင်္ဂါလီလူမျိုးတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရသလို ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်ဘက်မှာလည်း အပြစ်မဲ့ ပြည်သူများကို ဥပဒေမဲ့မတရား ဖမ်းဆီးသတ်ဖြတ်မှုများ၊ စစ်သင်တန်းအတင်းအဓမ္မတက်ခိုင်းပြီး မတက်လိုသူများကို ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိပါတယ်။

-

ယခုဖော်ပြခဲ့တဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်နဲ့ အကြမ်းဖက် လုပ်ရပ်များဟာ ကမ္ဘာနိုင်ငံတိုင်းက လက်မခံနိုင်တဲ့ ရာဇဝတ်မှုများ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ကျူးလွန်နေတဲ့ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုများကို လုံးဝဘူးခံ ငြင်းဆန်နေပေမဲ့ ငြင်းလို့ မရတဲ့ လူသက်သေ၊ ပစ္စည်းသက်သေများက အထင်အရှားရှိနေပါတယ်။

-

နိုင်ငံတကာသို့ အသိပေးတိုက်တွန်းနိူးဆော်ချက်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပြဿနာဟာ နိုင်ငံတော်အစိုးရအဆက်ဆက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ရှင်သန် ရပ်တည်နိုင်ရေးအတွက် အဓိကဝင်ငွေရရှိရေး ပင်မစီးပွားရေးလုပ်ငန်း ဖြစ်နေတာကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်စိုးရှည်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းကို အထူးအလေးထားပြီး နိုင်ငံတကာအကူအညီမရရှိပဲ ကိုယ့်ခွန်ကိုယ်အားနဲ့ အမြစ်ပြတ် အောင် ချေမှုန်းတိုက်ဖျက်ခဲ့ပါတယ်။ ပိုမိုထိရောက်အောင်မြင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်း များနဲ့လည်း တတ်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း အချို့သော နိုင်ငံတကာအစိုးရ များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များဟာ လက်နက်ကိုင်မူးယစ်ရာဇာ AA အဖွဲ့ အပါ အဝင် NUG လက်အောက်ခံ PDF များရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သုံးစွဲမှုများနဲ့ အပြစ်မဲ့ပြည်သူ များအပေါ် အကြမ်းဖက်လုပ်ရပ်များကို မသိခြင်ယောင်ဆောင်နေကြတာ စိတ်မကောင်းစရာ မြင်တွေ့ကြားသိနေရပါတယ်။

-

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို ယခုထက်ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ရေး မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ပိုမိုအားကောင်းလာတဲ့ အကြမ်းဖက်လုပ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် မူးယစ်ဆေးဝါးကုန်သွယ်မှု အကြီးအကျယ်လုပ်နေတဲ့ အကြမ်းဖက် AA အဖွဲ့ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ လက်နက်ကိုင်မူးယစ်ဆေးဝါးဂိုဏ်းများကို နိုင်ငံတကာမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းနှိမ်နင်းရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော် အသိပေးတင်ပြလိုက်ရပါတယ်။

(အောင်ရှင်း)

Post a Comment

Previous Post Next Post