အိန္ဒိယနဲ့ အမေရိကန် အသည်းအသန်လိုချင်နေတဲ့ မြန်မာမြေရှားသတ္တု အရေးနှင့် KIA ရဲ့ကစားကွက်သစ်

Views


ဒုတိယကမ္ဘာစစ်တုန်းက လီဒိုလမ်းမဟောင်းကို အိန္ဒိယကနေ ပြန်လည်ဖောက်လုပ်တော့မယ်လို့ BBC သတင်းဌာန ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၄၅ နိုဝင်ဘာလ လောက်ထဲက ပစ်ထားခဲ့ကြတဲ့ဒီလမ်းကြီးက အခုခါ ဘာလို့ အသက်ဝင်လာရသလဲ။

-

အမေရိကန် ဗိုလ်ချုပ်ကြီးစတီးဝဲလ်အကြံပြုလို့ ဖောက်လုပ်ခဲ့တဲ့ဒီလမ်းကို စတီးဝဲလ်လမ်းလို့ ခေါ်ခဲ့ကြတယ်။ ဒါအပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမစီမံကိန်းကို အိန္ဒိယက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။

-

မြေရှားတွေကို အမေရိကန် က လိုချင်ကြောင်းပြောသလို အိန္ဒိယမှာ ဗျူဟာမြောက်အခွင့်အလမ်းများကို လိုချင်တယ် ဆိုတာကလည်း ဒီလမ်းကြီးကို နိုးထစေခဲ့တဲ့ အချက်တစ်ချို့ထဲမှာပါလိမ့်မယ်ထင်ပါတယ်။ အခြေအနေမှန်ကဘာလဲ။

-

မြေရှားသတ္တု ဆိုတာ ကမ္ဘာ့စက်မှုလုပ်ငန်းထွန်းကားတဲ့ နိုင်ငံကြီးတွေရဲ့ သည်းခြေကြိုက် သတ္တုတစ်မျိုးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အလေးစား မြေရှားသတ္တုထွက်တဲ့ နိုင်ငံအနည်းငယ်ထဲမှာလည်း မြန်မာပြည် မြောက်ပိုင်းက ပန်ဝါဒေသ က ထွတ်တဲ့ မြေရှား သတ္တုက ( Heavy Rear Earth ) ဖြစ်လို့ ကမ္ဘာမှာတော်တော်ကြီးကို နာမည်ရသလို တန်ဖိုးလည်း ကြီးပါတယ်။

-



ခေတ်မီတိုက်ချင်းပစ် ဒုံးပျံကြီးတွေသာမက နည်းပညာမြင့် အီလက်ထရောနစ်ပစ္စည်းတွေအဆုံး ယနေ့ကမ္ဘာကြီးမှာ မြေရှား သတ္တုက မပါမဖြစ်ဖြစ်ပြီး ကမ္ဘာ့ပေါ်က မြေရှားသတ္တုရောင်းဝယ်ဖောက်ကားထုတ်လုပ်မှု ဈေးကွက်ရာခိုင်နှုန်း တော်တော် များများကို မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံက ချုပ်ကိုင်ထားပါတယ်၊ မြေရှားသတ္တုဆိုတာ သတ္တုဒြပ်စင် ၁၇ မျိူးပါဝင်ပြီး ထုတ်လုပ်ရန် ခက်ခဲသလို နည်းပညာပိုင်းအရလည်း ရှုပ်ထွေးမှုရှိလို့ နိုင်ငံအနည်းငယ်ကသာ ထုတ်လုပ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။

-

ကမ္ဘာမှာ တန်ဖိုးကြီးပြီး နိုင်ငံတိုင်းလိုချင်နေတဲ့ မြန်မာပြည်က မြေရှားသတ္တုတွေက အခုဘယ်သူ့လက်ထဲမှာလည်း ဆိုတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲက KIA လက်ထဲမှာ ရောက်ရှိနေပါတယ်၊ အရင်ကတော့ ကချင်အထူးဒေသ ၁ ဦးဇခုန်တိမ်ယိမ်းအဖွဲ့ရဲ့ လက်အောက်မှာရှိခဲ့ပေမယ့် အခုတော့ မြေရှားသတ္တုတူးတဲ့ လုပ်ငန်းလုပ်ကွက် နေရာတွေ အားလုံးကို ကေအိုင်အေက သိမ်းပိုက်ထားပါတယ်။

-

ကေအိုင်အေ ဆိုတာကလည်း ယနေ့ဖြစ်ပေါ်နေတဲ့ ၂၁ အခင်းအကျင်းရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်ပြီး အညာဒေသက PDF တွေရဲ့ ဆရာဖြစ်သလို NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ကေအိုင်အေ နယ်မြေတွေထဲမှာ သွားရောက်ခိုလှုံနေကြရတဲ့အထိ လက်စွမ်းထက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေပေမယ့်လည်း တကယ်တော့ ကေအိုင်အေအဖွဲ့နဲ့ ကချင်ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့လူတွေ ဖြစ်ကြပါတယ်။ အခုအချိန်အထိ ကေအိုင်အေ ဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာ ပါးပါးနပ်နပ်ကစားပြီး မြန်မာတပ်မတော်နဲ့ မြန်မာအစိုးရကို ဒုက္ခပေးဖို့ အမြဲကြံစည်နေတဲ့ အဖွဲ့ကြီးလည်းဖြစ်ပါတယ်။



-

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့က လာမည့် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့ကစတင်ပြီး အထွေထွေ ရွေးကောက်ပွဲ လုပ်ပေးတော့မယ်လို့ အတိအလင်းကြေညာထားပါတယ်၊ ကေအိုင်အေ/ အန်ယူဂျီ/ ပီဒီအက် ပူးပေါင်းအဖွဲ့တွေ အနေနဲ့လည်း ဗန်းမော်တိုက်ပွဲ၊ အညာတခွင်နဲ့ ဖားကန့်ဒေသတခွင်မှာ အရှုံးကြီး ရှုံးနေကြပြီဖြစ်ပါတယ်၊ နိုင်ငံရေးဘက်မှာ ဆိုရင်လည်း ရွေးကောက်ပွဲပြီးသွားရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသေဆုပ်ကိုင်ထားတဲ့ အန်ယူဂျီအနေနဲ့လည်း ဘုံပျောက် ခွက်ပျောက်တဲ့ အခြေအနေကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရေးကို ယခုထက် ပိုမိုရှုပ်ထွေးသွားအောင် ဆိုပြီး အိန္ဒိယနဲ့ အမေရိကန်လို အင်အားကြီးနိုင်ငံတွေကို မြေရှားသတ္တုမက်လုံးပေးပြီး မြန်မာပြည် နိုင်ငံရေး ပဋိပက္ခတွေထဲကို ကေအိုင်အေနဲ့ အန်ယူဂျီက ဆွဲခေါ်နေတာဖြစ်ပါတယ်။

-

အရင်ခေတ်တွေတုန်းက မြန်မာပြည်မှာ လောက်လောက်ငှားငှား ရစရာ ဘာသယံဇာတမှမရှိလို့ အိန္ဒိယအပါအဝင် အနောက်အုပ်စုတွေအနေနဲ့ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို ထမင်းမစား ကွမ်းမစား သဘောလောက် ခေတ်အဆက်ဆက် မိတ်မပျက် ထောက်ပံ့ကူညီခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ထုတ်လုပ်မှုမှာ အရေးတကြီး လိုအပ်နေတဲ့ မြေရှားသတ္တုကို ကချင်မြေမှာ လာထုတ်ပါ သူတို့အတွက်လည်း နိုင်ငံရေးအကာအကွယ်ပေးပါ ဆိုပြီး အမေရိကန်အိမ်ဖြူတော်ထိ လမ်းပေါက်အောင် အောက်ကြေးက သွားပြီး စည်းရုံးနေပါတယ်။ အမေရိကန်အစိုးရကို မြန်မာမြေရှားသတ္တုအရေး စိတ်ဝင်စားလာအောင် ကေအိုင်အေနဲ့ အန်ယူဂျီ လက်ဝါးရိုက်ပြီး မြန်မာပြည်တွင်းရေးကို ထပ်မံ ဓတ်ဆီလောင်းနေတာဖြစ်ပါတယ်။ (ဘိုင်ဒင်အစိုးရက ပေးခဲ့တဲ့ စစ်လက်နက်ဖိုးတွေအတွက် သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းက မြေရှား သတ္တုတူးဖော်ခွင့် ဒေါ်လာဘီလီလျံ ၅၀၀ တန် စာချုပ်နဲ့ လဲလှယ်ခဲ့တာကို ကေအိုင်အေနဲ့ အန်ယူဂျီက အကြံရသွားတယ်လို့ ထင်ပါတယ်)

-

မြန်မာအစိုးရက နှစ်နိုင်ငံမျက်နှာထောက်ထားပြီး ချစ်ကြည်ရေးနဲ့ အသက်အရွယ်အရ ပြစ်ဒဏ်လျှော့ပေါ့ လွှတ်ပေးလိုက်တဲ့ သြစတေးလျှနိုင်ငံသား မစ္စတာ ရှောင်တာနယ်လို ပုဂ္ဂိုလ်တွေအပါအဝင် လူပုဂ္ဂိုလ်အချို့က အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်ရုံးခန်းထိ မြေရှားသတ္တုအရေး သွားရောက်စည်းရုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ဖတ်လိုက် ရပါတယ်။

-

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတဲ့ ယနေ့အချိန်မှာ အမေရိကန်အစိုးရအနေနဲ့ နောက်ထပ်စစ်ပွဲသစ်တစ်ခု ပဋိပက္ခသစ်တစ်ခုဆီကို မိုက်မိုက်မဲမဲနဲ့ မတိုးဝင်နိုင်ပါဘူး၊ အကျိုးစီးပွားအတွက် ဘာမဆိုလုပ်တဲ့ ဒေါ်နယ်ထရန့် အစိုးရ အနေနဲ့ သူ့ရဲ့တပည့်ကျော်ကြီးဖြစ်တဲ့ မြန်မာ့အနောက်ဘက်က အိန္ဒိယကို မြေရှားအရေး မီးစိမ်းပြလိုက်တယ်လို့ သုံးသပ် ရပါတယ်။

-

ကမ္ဘာကျော် လူလည် အိမ်ခြံမြေ သူဌေးကြီး ဒေါ်နယ်ထရန့် အစိုးရအနေနဲ့ သူ့အတွက် ပမွှားလောက်ဘဲရှိတဲ့ ကေအိုင်အေနဲ့ အန်ယူဂျီရဲ့ မက်လုံးတွေက ရင်ခုန်ချင်စရာ မကောင်းပါဘူး၊ အဲဒိအစား သူ့တပည့်ကျော်ကြီးဖြစ်တဲ့ Quad အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့သာ မြန်မာမြေရှားသတ္တုကို ကေအိုင်အေဆီကပဲရရ၊ မြန်မာအစိုးရဆီကပဲရရ တူးဖော်ခွင့်ရရင် အိန္ဒိယ စက်ရုံတွေမှာ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်ပြည်ထောင်စုက အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ကြောင်း စိတ်ကူးနဲ့ ဖဲရိုက်နေမှာ သေချာပါတယ်။

-

အပြောလွယ်သလောက် အလုပ်ခက်တဲ့ မြန်မာမြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းမှာ သယ်ယူပို့ဆောင်ရေးနဲ့ နည်းပညာ ကလည်း ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယကနေ တရုတ်ပြည်ကို ထောက်ပံ့ပေးဖို့ ဖောက်ထားတဲ့ လီဒိုလမ်းမကြီးကို ပြန်အသုံးပြုမယ်လို့ သတင်းထွက်နေပြီး ကုန်ကြမ်းတွေကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ် သန့်စင်မယ်လိုပြောဆိုရေးသားနေကြပါတယ်။ အိန္ဒိယအစိုးရနဲ့ ကုမ္မဏီတွေအနေနဲ့လည်း မြန်မာမြေရှားကို တရားဝင်ပဲ ဖြစ်ဖြစ် တရားမဝင်နည်းနဲပဲဖြစ်ဖြစ် ထုတ်မယ်ဆိုရင်တောင် မြေရှားသတ္တုထုတ်တဲ့နေရာတွေက လက်နက်ကိုင် အဖွဲ့အစည်း တွေက ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့အပြင် ပဋိပက္ခဖြစ်နေတဲ့ဒေသတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နယ်မြေတွေ ဖြစ်တာကြောင့် အတော်လေး ခက်ခဲပြီး အချိန်ယူရမှာဖြစ်ပါတယ်။

-

ကချင်ပြည်နယ်ကထွက်တဲ့ မြေရှားသတ္တုကို အိန္ဒိယနိုင်ငံဆီကို သယ်ပို့ဖို့ဆိုတာကလည်း မိုင်ရာနဲ့ ချီဝေးကွာနေတဲ့အပြင် လမ်းတစ်လျှောက်မှာလည်း ကေအိုင်အေနဲ့ သဘောထားမတူညီတဲ့ အခြားသောတိုင်းရင်းသားလက်နက်ကိုင်တွေ အများအပြား ရှိနေတာကြောင့် ထင်သလောက် လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြေရှားသတ္တုကို အကြောင်းပြ မြန်မာမြေပေါ်မှာ နိုင်ငံကြီးတွေ စစ်တလင်းလာခင်းမယ့်အရေးကိုလည်း လက်ရှိတပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ကျိန်းသေပေါက် လက်ခံနိုင်ဖွယ်မရှိပါဘူး။ အိန္ဒိယအနေနဲ့ တရုတ်ပြည်က မြေရှားသတ္တုအပေါ် မှီခိုနေရတာကို လျှော့ချချင်လို့ မြန်မာပြည်က မြေရှားသတ္တုတွေကို စိတ်ဝင်စားတယ်ဆိုရင်လည်း မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောဆန္ဒမပါဘဲ လုပ်ဖို့ဆိုတာ ရေပြင်မှာအရုပ်ရေးသလို ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ဒါကို အိန္ဒိယလည်း တော်တော် များများသိတဲ့အတွက် တပ်မတော်ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေပေမယ့် အိန္ဒိယက AA, KIA စသဖြင့် လက်နက်ကိုင်သူပုန်တပ်ဖွဲ့များနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့နေတယ်လို့ သတင်းတွေထွက်ခဲ့တာလည်းရှိပါတယ်။

-

ဒါပေမယ့်လည်း ကေအိုင်အေအနေနဲ့ ကချင်ပန်ဝါဒေသမှာ မြေရှားသတ္တုတွေ အိန္နိယအစိုးရ ကုမ္မဏီတွေလာထုတ်ဖို့ တိုးတိုး တိတ်တိတ် လုပ်ဆောင်နေသလို KIA နဲ့ AA အတွက် လေ့ကျင့်ကူညီထောက်ပံ့မှု့တွေကိုလည်း အိန္ဒိယနယ်မြေတွေကတဆင့် ရောက်လာ‌နေကြတယ်လို့လည်း ပြောဆိုရေးသားမှုတွေရှိနေလို့ မြန်မာပြည်သူတွေအနေနဲ့ ဘာဘူကြီး ဘယ်လဲ ဘာလဲ လို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။

-

အခြားတစ်ဖက်မှာလည်း အပြောလွယ်သလောက် အလုပ်ခက်တဲ့ မြေရှားသတ္တု ထုတ်လုပ်ရေးနည်းပညာနယ်ပယ်မှာ ဦးဆောင်နေတဲ့ တရုတ်ပြည်ကို အမီလိုက်နိုင်ဖို့အတွက် အိန္ဒိယအနေနဲ့ အချိန်တွေ ငွေတွေအပြင် နည်းပညာပိုင်းအရလည်း ဆယ်စုနှစ် တစ်ခုလောက်ကို ပြတ်ကျန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာမှာ အိန္ဒိယကသာ တရားဝင်မြေရှားသတ္တုကို ထုတ်ယူ သယ်ဆောင်ခွင့်ရမယ် ဆိုရင်တောင် လတ်တလောဆယ်စုနှစ်ကာလအတွင်း တရုတ်ထံကနေ မြေရှားသတ္တုကိုဆက်လက် ဝယ်ယူတင်သွင်းနေရ အုံးမှာဖြစ်ပါတယ်။

-

တစ်ဖက်မှာလည်း မြန်မာမြေရှား သတ္တုတွင်းတွေကို လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေနဲ့ တရုတ်အစိုးရဘက်ကလည်း အိန္ဒိယရဲ့ ခြေလှမ်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အသေအချာမသိနိုင်ပေမယ့် တုံ့ပြန်မှုတစ်ခုခုတော့ လုပ်ဆောင်မှာ သေချာပါတယ်။ နဂါးကြီးခေါင်းလေးတစ်ချက်ခါပြီး သမ်းလိုက်တာ သူ့အောက်က မြက်ပင်တွေ ပြားပြားဝပ်သွားသလို ကျိုးကြေသွားဖို့ဘဲရှိလို့ အိပ်ပျော်နေတဲ့ နဂါးကြီးကို သွားမနှိုးမိစေနဲ့လို့ အမေရိကန် သမ္မတ ဂျင်မီကာတာက ပြောခဲ့တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။

-

ယနေ့ တရုတ်ပြည်က ၁၉၇၀ ခုနှစ် တရုတ်ပြည်မဟုတ်တော့ဘဲ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးမှာပါ အမေရိကန်နဲ့ ပခုံးချင်း ယှဉ်ပြိုင်တဲ့ အဆင့်ကို ရောက်ရှိလာပါပြီ။

-

ကေအိုင်အေနဲ့ အန်ယူဂျီရဲ့ မြေရှားမက်လုံးကြောင့် မြန်မာပြည်ထဲမှာ အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်ကြမယ့် အရေးကို တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့လည်း အလွယ်တကူ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

-

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်နေတဲ့ မြန်မာအစိုးရအနေနဲ့ကလည်း ကေအိုင်အေနဲ့ အန်ယူဂျီ ခြေလှမ်းကို စောင့်ကြည့် အကဲဖြတ်သုံးသပ်နေမှာ သေချာပါတယ်။ တိုင်းပြည်ပျက်ရင် ပြီးရောဆိုပြီး ပြည်တွင်းပြည်ပကနေ နည်းမျိုးစုံနဲ့ လုပ်နေတဲ့ ကေအိုင်အေနဲ့ အန်ယူဂျီ အဖွဲ့အစည်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ကေအိုင်အေဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအထိ တပ်မတော်မှ အပြီးသတ် သိမ်းပိုက်ရှင်းလင်းပေးဖို့ ပြည်သူတွေကလည်း တောင်းဆိုနေကြပြီဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ အချိန်တစ်ခု စောင့်စားရတယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမှာ အထွေထွေရွေးကောက်ပွဲကြီးကတဆင့် ပြည်သူ တင်မြှောက်တဲ့ အစိုးရတစ်ရပ် မကြာမီ ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။ ကေအိုင်အေ/ အန်ယူဂျီနဲ့ ပီဒီအက်တွေကို တပ်မတော်နဲ့အတူ ပြည်သူတစ်ရပ်လုံးက ချေမှုန်းနေတဲ့အချိန်မှာ တပ်မတော်နှင့် တပ်မတော်ခေါင်းဆောင်တွေကို ထောက်ခံတယ်ဆိုတာက သူ့တို့ရဲ့ ရေရှည်အကျိုးစီးပွားနဲ့ကိုက်ညီပြီး နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသော မှန်ကန်တဲ့ ချဉ်းကပ်မှုဖြစ်တယ် ခင်ဗျာ။

Post a Comment

Previous Post Next Post